Apr 23, 2024

အ‌ရင်တုန်းကရေးခဲ့တာပါ ... ဖတ်ရင်းနဲ့ နှစ်တွေကြာတာရယ် ...မေ့နေခဲ့တာတွေ အတွက် သတိတရ ပြန်တင်တာပါ. Unicode နဲ့မှ ပြန်ဖတ်လို့ရတာလဲ ပါပါတယ် ... ကျွန်တော့အကြောင်း မို့ ပါ .. အထီးကျန်တဲ့ ကျွန်မရဲ့ ပါပါး ကျွန်မ အဖေဆုံးလို့ ကျွန်မ အိမ်ပြန်သွားခဲ့တယ် …..အိမ်ထဲကို ဝင်ဝင်လိုက်ချင်း ကျွန်မအဖေ မရှိတော့ဘူးဆိုတဲ့ အတွေးဝင်လာရင်းမျက်ရည်က တရဟော ကျခဲ့ရတယ် .. ကျွန်မအရမ်းဝမ်းနည်းတယ် …..မိဘကွယ်လွန်သွားတာ ဝမ်းမနည်းတဲ့ သားသမီးမရှိနိုင်ပါဘူး ..ဒါပေမယ့် ကျွန်မ က ပိုဆိုးပါတယ် …ဘာလို့လဲဆိုတော့ ကျွန်မက ကျွန်မအဖေနားကနေ ဟိုးအဝေးကြီးဆီထွက်သွားခဲ့လို့ပါပဲ …ဒါလဲ ဘာဆန်းလဲလို့ထင်ချင်ထင်ကြလိမ့်မယ် … ကာယကံရှင်ကျွန်မအနေနဲ့တော့ဆန်းပါတယ်၊ ဘာလို့လဲဆိုတော့ အဖေ တစ်ခု သမီးတစ်ခု ဘဝမှာ နေလာတာ ကျွန်မငယ်ငယ်လေးကတည်းကပါပဲ .. ကျွန်မ မစဉ်းစားမိဘူး ကျွန်မ မရှိရင် ကျွန်မအဖေ ဒီလိုဖြစ်မယ်မှန်းမစဉ်းစားခဲ့ရိုးအမှန်ပါ ….အလုပ်သွားလုပ်မယ် ၊ ပိုက်ဆံရှာမယ် အချိန်ကျရင်ပြန်လာမယ် ဆိုတဲ့စိတ်ကူးပဲရှိပါတယ် ၊ ကျွန်မ အဖေရဲ့ ရင်ထဲကို ကျွန်မ ဝင်မကြည့်ခဲ့ဘူး ။ ကျွန်မ ကောင်းကောင်းမကြည့်နိုင်ခဲ့ဘူး …. ကျွန်မ အဖေဟာ အရမ်းကို အထီးကျန်ဆန်ခဲ့ပါတယ် ၊ သူ့အိမ်ထောင်ဖက်မရှိတော့တဲ့နောက်ပိုင်းမှာလဲ ကျွန်မတို့ရဲ့. အဖိုးအဖွား သူ့မိဘ များ အိမ်မှာ နေခဲ့ပါတယ် ။ ကျွန်မ ရဲ့အဖေဟာ သူ့အမေကို သိတ်ချစ်တယ် သူ မွေးပြီးကတည်းက သေသွားသည်အထိ သူ့အမေကိုတော့ခွဲမသွားခဲ့ဘူး ။အဲ့လောက် ကျွန်မအဖေ က သူ့အမေကိုချစ်ပါတယ် ….နောက်ပြီးပြောရင် သူအချစ်ဆုံးက ကျွန်မရဲ့မောင် သူ့ရဲ့တစ်ဦးတည်းသောသားကို အချစ်ဆုံးပါပဲ ..အဆင့်လိုက်ပြောရရင် ကျွန်မအမ ကိုလည်း သူအရမ်းချစ်တာပဲ … ဒါပေမယ့် ကျွန်မ အမြဲတမ်းခံစားမိတာက ကျွန်မ အပေါ် ကျွန်မ အဖေဟာ အမြဲ ဦးစားပေးခဲ့တာကိုပါ …. ကျွန်မ က ကျွန်မ မိသားစုမှာ သမီးလတ်လေ သမီးလတ်တို့ထုံးစံအတိုင်း အချစ်တွေလပ်တယ် လို့အမြဲထင်ခဲ့တာ ပါ ။ ကျွန်မ အဖေ က အမြဲပြောဖူးတယ်လေ …ငါပဲ နင့်ကို ကြည့်လာခဲ့တာ ငါ့လောက် နင့်ကို ဘယ်သူမှ ဂရုမစိုက်ဘူးတဲ့ …တကယ်လဲဟုတ်ပါတယ် ၊ ကျွန်မငယ်ငယ်လေးကတည်းက ကျွန်မအဖေလက်ပေါ်ကြီးပြင်းခဲ့တာပါ ..ဒါကို သိလျှက်နဲ့ အချိန်တန်အရွယ်ရောက်လာတဲ့ ကျွန်မဟာ ကျွန်မအဖေကို ခွဲသွားခဲ့ပါတယ် ……..။ ကျွန်မ အမျိုးသားနဲ့ လက်ထပ်ပြီး မင်္ဂလာပွဲလုပ်ဖို့ အိမ် ကို ပြန်သွားခဲ့ပါသေးတယ် အဲ့ဒီတုန်းက ကျွန်မအဖေ ကျွန်မအမျိုးသားကို ပြောခဲ့တာ မှတ်မိပါသေးတယ် …… ။ သူ့မှာဘာမှမရှိတော့ဘူး မင်းယူသွားပြီလို့ပြောခဲ့တာပါ ….အဲ့ဒီတုန်းက ကျွန်မအဖေ ဒီလို ပဲပြောခဲ့တယ်ထင်ခဲ့တာ ….ကျွန်မအမျိုးသားကလည်း ကျွန်မအဖေကိုပြန်ပြောပါတယ် ၊ သူကျွန်မကို ကျွန်မ အဖေရင်ထဲကဆွဲထုတ်သွားးတာမဟုတ်ပါဘူး သူ့ကိုလည်း သားတစ်ယောက်တိုးလာတယ် လို့သဘောထားပါလို့ပြောခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်မ အဖေရင်ထဲမှာ ကျွန်မကို အပြီးအပိုင်ပေးလိုက်ရပြီလို့ထင်ခဲ့တဲ့ပုံပါ ။ ကျွန်မတို့ပြန်လာပြီး ၉ လကျော်လောက်ပဲကြာခဲ့ပါတယ် ၊ကျွန်မအဖေ ကျွန်မဘဝထဲကနေ အပြီးအပိုင်ထွက်သွားခဲ့ပါပြီ ။ ကျွန်မ ဘယ်လိုမှထင်မထားခဲ့ပါဘူး၊ ကျွန်မ ပြန်လာပြီး ၃လလောက်မှာ ကျွန်မ ညီမလေးက ပြောပါတယ် ။ကျွန်မ အဖေနေမကောင်းဘူးပေ့ါ ။ အအေးပတ်သွားတာပါ ။ ကျွန်မ ကလည်း ဟိုလိုလုပ်ဒီလိုလုပ်ပေါ့ ၊ ကျွန်မ အဖေက ဆေးခန်းတို့ဆေးရုံတို့ကို အင်မတန်မုန်းပါတယ် ၊ ဆေးထိုးရမှာလဲ အရမ်ကြောက်တယ်၊ ဒီလိုနဲ့တဖြေးဖြေး အစာမစားတော့ဘူး ၊ပထမတော့ ခံတွင်းမကောင်းလို့မစားတာ ၊မစားရင်းမစားရင်းနဲ့ပါ အူက ကျဉ်းသွားပုံရပါတယ် ။နောက်ပိုင်းလုံးဝမစားတော့တာ ဆုံးသွားသည်အထိပါပဲ ။ ကျွန်မ ညီမလေးက ပြောတယ် အစားမစားတာ ၊အစားမစားတာနဲ့ပေါ့ ။ ကျွန်မ က အဲ့ဒီအခါ အိမ်ကလူတွေကိုစိတ်ဆိုးပါတယ် ။ ဟိုလိုမကျွေးလို့ ဒီလိုမကျွေးလို့ဆိုပြီး အရမ်းဂရုစိုက်ခဲ့တဲ့ အိမ်ကလူတွေကို စိတ်ဆိုးခဲ့ပါသေးတယ် ၊ အဲ့ဒီလောက်အထိ ဖြစ်သွားမယ်မှန်း ကျွန်မ မထင်ခဲ့တာပါ ။အိမ်ကလူတွေလည်းမထင်ခဲ့ပါဘူး ။ ကျွန်မဖုန်းဆက်ရင်လည်းလာမကိုင်နိုင်တော့ပါဘူး ၊ ကျွန်မတို့အိမ်မှာဖုန်းမရှိဘူး ၊ အနားနားက ဖုန်းကိုခေါ်ရတာမို့ပါ …အဲ့ဒါနဲ့ပဲ ကျွန်မ ပြန်ဖို.ဆုံးဖြတ်ခဲ့ပါတယ် ၊ အလုပ်ကခွင့်ရမယ့်နေ့ ကို လေယာဉ်လက်မှတ်ဝယ်ပြီး ပြန်ရမယ့်နေ့ကို လက်ချိုးရေခဲ့ပါတယ် ။ ကျွန်မ ပြန်လာမယ့်အကြောင်း ကျွန်မအိမ်ကို အသိမပေးခဲ့ပါဘူး ၊ ကျွန်မအမှတ်မထင် အိမ်ပြန်သွားရင် အိမ်ကလူတွေ အရမ်းအံသြဝမ်းသာသွားအောင် ရယ် အထူးသဖြင့် ကျွန်မ အဖေ အံသြဝမ်းသာသွားအောင် ရည်ရွယ်ပါတယ် ။ အဲ့ဒါနဲ့ပဲ ကျွန်မ ပြန်ရမယ့်ရက်ကို လက်ချိုးရေရင်း စိတ်ကူးထဲမှာ ငါပြန်သွားရင် ငါ့အဖေကို ဘယ်လိုကျွေးမယ် ဘယ်လိုပြုစုမယ် လို့စိတ်ကူးခဲ့တာ ကျွန်မ ကျိန်ပြောရဲပါတယ် ။ ဒါပေမယ့် ကျွန်မ မပြုစုပေးလိုက်ရသလို ကျွန်မ အဖေလည်း ကျွန်မ အပြုအစုကိုခံမသွားခဲ့ရပါဘူး ။ ဘယ်လောက်မှမလိုတော့တဲ့ ကျွန်မ ပြန်မယ့်ရက်မတိုင်မီ ကျွန်မ ဆီ ညနေပိုင်း လောက် သတင်းဝင်လာပါတယ် ကျွန်မ အဖေဆုံးပြီပေါ့ ။ ဒါနဲ့ ကျွန်မ ချက်ခြင်း စီစဉ်စရာရှိတာစီစဉ်ပြီး နောက်တရက် မနက်ပိုင်း ချက်ခြင်းပြန်သွားခဲ့ပါတယ် ။ နောက်ကျတာက နောက်ကျသွားခဲ့ပါပြီ …နောက်ဆုံးအနေနဲ့ ကျွန်မအဖေရဲ့ဈာပနကို ကျွန်မ ကိုယ်တိုင်ပဲ ဦးဆောင်စီစဉ်ခဲ့ပါတယ် ။ ကျွန်မအဖေ အတွက် ကျွန်မမလုပ်နိုင်တာတွေကိုလုပ်ပေးခဲ့တဲ့ ကျွန်မရဲ့ မိသားစုကို လည်းအရမ်းကျေးဇူးတင်ပါတယ် ။ ကျွန်မက ကျွန်မအဖေရဲ့ အရင်းနှီးဆုံးလူတစ်ယောက်အနေနဲ့ပြောတာပါ ။ အားလုံးကတော့ မိသားစုတွေပါပဲ ……။ ကျွန်မရဲ့တစ်ဝမ်းကွဲမောင်လေးကိုလည်းကျေးဇူးတင်ပါတယ် .. ကျွန်မအဖေရဲ့ဈာပန အစအဆုံးကို သူလုပ်ပေးခဲ့တဲ့အတွက်ပါ ။ တကယ်လို့များ ကျွန်မပြန်လာမယ်မှန်း ကျွန်မအဖေသိသွားခဲ့ရင် ကျွန်မကိုစောင့်နေမှာလား ။ ဒါမှမဟုတ် ကျွန်မ ပြောခဲ့ရင် ကျွန်မအလာကိုစောင့်ရင်း ကွယ်လွန်သွားမှာလား၊ဘယ်ဟာက ပိုကောင်းမလဲဆိုတာ ကျွန်မ အခုထက်ထိ စဉ်းစားလို့မရသေးပါဘူး ။ တစ်ခါတစ်လေ စောင့်ရင်စောင့်နေမှာလို့စဉ်းစားမိရင် ကျွန်မ ကိုယ် ကျွန်မ ခွင့်မလွှတ်နိုင်ပါဘူး ။ အိမ်ကလူတွေ ကလည်း ကျွန်မကိုဖြေသိမ့်တဲ့အနေနဲ့ဖြစ်မှာပါ ၊ မပြောတာလည်းကောင်းပါတယ် သိသွားခဲ့ရင် ကျွန်မကိုစောင့်ရင်းသေသွားခဲ့ရင် သူ့အတွက်မကောင်းဘူးလို့ပြောပါတယ်။ တစ်ခုသေချာတာက ကျွန်မ အဖေဟာ အရမ်းကိုအထီးကျန်ဆန်ခဲ့ပါတယ် သူဖြစ်ချင်တာတွေကိုလည်းမပြောခဲ့ပါဘူး ၊ ကျွန်မ အိမ်ကိုပြန်မေးတယ်ကျွန်မကို ကျွန်မအဖေပြန်လာဖို့မျှော်ခဲ့လားဆိုတော့လည်း သူတို့ပြန်ပြောတာက မျှော်မှာပေါ့ ဒါမေမယ့်ဘာမှ ကျွန်မအကြောင်းနဲ့ပတ်သက်လို့မပြောခဲ့ဘူးတဲ့……နင် စိတ်ပူမှာ စိုးလို့နေမှာပေါ့တဲ့ … ကျွန်မအရမ်းရင်နာခဲ့ရပါတယ် …တကယ်တော့ ကျွန်မအဖေဟာ အရမ်းသနားစရာကောင်းပါတယ် ။ရင်ထဲမှာရှိတဲ့ခံစားချက်တွေကိုမြိုသိပ်နိုင်တဲ့သူပါ.. သူတမ်းတမှာပဲ သူ့ရဲ့သားသမီးတွေကို ….သူ့သားသမီးတွေအကုန်လုံးက သူ့အနား မနေနိုင်ကြဘူး …ကျန်တဲ့မောင်နှမတွေကို အပြစ်တင်လို့လဲမရဘူး ကျွန်မကိုယ်တိုင်ကလည်း ကျွန်မအဖေနားမှာနေပေးနိုင်တဲ့သူမှမဟုတ် တာ။ ကျွန်မယုံကြည်ပါတယ် တကယ်လို့ ကျွန်မသာ ကျွန်မအဖေကို ခွဲမသွားခဲ့ရင်ဖြစ်ဖြစ် ၊ကျွန်မအဖေ ဆီ နည်းနည်းစောပြီးပြန်လာခဲ့ရင်ဖြစ်ဖြစ် ကျွန်မအဖေ ဒီလိုစောစောခွဲသွားမှာမဟုတ်ဘူး .. ကျွန်မအရမ်းနောင်တရပါတယ် …နောင်တဆိုတာကတော့နောင်တပါပဲ ….။ ကျွန်မဒီစာကိုရေးပြီးအရမ်းငိုနေပါတယ် …ကျွန်မချစ်တဲ့ ကျွန်မအဖေကောင်းရာသုဂတိလားပါစေ ..ဖြစ်လေရာဘဝတိုင်းမှာ ပြီးပြည့်စုံပါစေ ၊…လူ့ဘဝကိုပြန်ရခဲ့ရင်လည်း အထီးကျန်ခြင်းများနဲ့ကင်းဝေးပြီး မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့နေနိုင်တဲ့ဘဝကိုရပါစေ လို့ ရင်နဲ့အမျှ လှိုက်လှိုက်လှဲလှဲဆုတောင်းပါတယ် ။ အားလုံးအားလုံးသော သားသမီးတိုင်း ကိုယ့်မိဘတည်ရှိနေမှုကို ဂရုစိုက်စေချင်ပါတယ် …..သားသမီးတိုင်းဟာ မိဘကိုရိုသေမြတ်နိုးကြတယ်ဆိုတာ သိပါတယ် ဒါပေမယ့် ကျွန်မအဖေ အတွက် ကျွန်မခံစားရသလို နောင်တရ ရသလို အားလုံးကို မရစေချင်ပါဘူး …..ဒီလို ခေတ်ကြီးမှာလူဖြစ်လာကြရတဲ့ ကျွန်မ တို့အားလုံးဟာ အချိန်နောက်ကိုအပြေးလိုက်ရင်းနဲ့ဘ၀ ကို ရုန်းကန်နေကြရတာမို့ပါ ။ ကျွန်မ တွေးကြည့်မိပါတယ် တကယ်လို့များ ကျွန်မမှာ သားသမီးတွေများရှိခဲ့ရင် ဝဋ်များ လည်နိုင်ပါသလားလို.ပေါ့ .. ကျွန်မ အဖေကတော့ကျွန်မကို ခွင့်လွှတ်မှာသေချာပါတယ် ဝဋ်လည်ခဲ့ မယ်ဆိုရင်လဲ ကျွန်မ ခံရဲပါတယ် …… ဒါပေမယ့်လည်း ကျွန်မရင်ထဲမှာ ကျွန်မသေသည်အထိ ပါသွားမှာကတော့ ကျွန်မဟာ ကျွန်မအဖေကိုထားခဲ့မိလို. ကျွန်မအဖေသေသွားရတယ်ဆိုတာပါပဲ… ဘယ်သူတွေကမှ ကျွန်မကို ဒီအယူဖျက်ပေးနိုင်မှာမဟုတ်ဘူး ..ဘယ်သူနားချချ ကျွန်မသည်သာ အပြစ်အရှိဆုံးလူတစ်ယောက်မို့ ကျွန်မကိုယ် ကျွန်မဘယ်တော့မှ ခွင့်မလွှတ်တော့ပါဘူး…. ပါပါး ကောင်းရာဘုံဘဝကိုရောက်နိုင်ပါစေ ………….

No comments:

Post a Comment